25 C
Yangon

စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းနှင့် စစ်ကူ ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၀

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းနှင့် စစ်ကူ ယာဉ်တန်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား အလုံးအရင်းဖြင့် တပ်ကူများ ထပ်မံ ရောက်ရှိလာသောကြောင့် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း ရဲစခန်း တိုက်ခိုက်ခံရချိန်တွင် တက်တူတမံလမ်းဘက်မှ လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကူယာဥ်တန်းကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကား မိုင်းထိမှန်ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“လက်နက်တွေတော့ သိမ်းဆည်းရမိတာ မရှိဘူးဗျ။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ ဒီတစ်ကြိမ်နဲ့ မရရင် နောက်ထပ် မရမချင်း အကြိမ်ကြိမ် ကြိုးစားလုပ်ဆောင်သွားမှာပါ။ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်လက်တွဲပေးစေချင်ပါတယ်။ မကြာမီမြို့ကို ချီတက်နိုင်ဖို့လည်း ဒီထက်မက ကြိုးစားလုပ်ဆောင်သွားမှာပါ” ဟု မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ၊ အမှတ် (၁)တပ်ရင်း ၊ အမှတ် (၄) တပ်ရင်း ၊ စလင်းမြို့နယ် ပကဖ ၊ GZ ARMY ၊ MLDC ၊ SLN (PDF) ၊ ဒေါင်းစစ်အောင် Local (PDF)နှင့် မိုးကြိုးပြောက်ကျား စသည့် မဟာမိတ်တပ်များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article