25 C
Yangon

စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပြည်သူ ၅၀ ကျော်ကို လက်ပြန်ကြိုးတုပ်၊ နေပူလှန်း၊ အစာမကျွေးဘဲ ညှဉ်းပန်း သတ်ဖြတ်ပြီး အမျိုးသမီးတချို့ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို လက်စားချေမည်ဟု AA က ကြေညာ

Must read

ရန်ကုန်၊ ဇွန် ၃

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပြည်သူ ၅၀ ကျော်ကို လက်ပြန် ကြိုးတုပ်၊ နေပူလှန်း၊ အစာမကျွေးဘဲ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို လက်စားချေတုန့်ပြန်မည်ဟု AA က ကြေညာလိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်များက ရခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ပြည်သူများကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်နှောင်ကာ နေပူလှန်း ခြင်း၊ အစာရေစာမကျွေးဘဲထားခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများပြုလုပ်ပြီးနောက် အရပ်သားပြည်သူ ၅၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဇွန် ၂ ရက်နေ့ ထုတ် ပြန်သည်။

စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ တပ်ဖွဲ့ဝင်များ၊ တခြားသော တပ်ရင်းတချို့မှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တပ်ဖွဲ့ဝင်တချို့နှင့် စစ်ကောင်စီ၏ စစ်သင်တန်းဆင်း မွတ်စလင်တပ်ဖွဲ့ဝင်များပါဝင်သည့် အင်အား ၁၇၀ ကျော်ရှိ စစ်ကြောင်း တစ်ကြောင်းသည် မေလ ၂၉ ရက်နေ့ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာအား ဝိုင်းရံပိတ်ဆို့ဖြတ်ထောက်ပြီး ရွာအတွင်းရှိ ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား၊ အမျိုးသမီး တစ်ယောက်မကျန် တစ်ရွာလုံးရှိ ပြည်သူများအားလုံးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ဗျိုင်းဖြူရွာသူ၊ ရွာသားများကို လက်ပြန်ကြိုးတုပ် ချည်နှောင်ကာ နေပူလှန်းထားခြင်း၊ အစာရေစာ မပေးဘဲထားခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို တစ်ခုပြီးတစ်ခု ရက်စက်စွာပြုလုပ်ခဲ့ကြောင်း၊ ဖမ်းဆီးထားခံရသူများအနက် အရပ်သားပြည်သူ ၅၀ ကျော်ကို သတ်ဖြတ်ခြင်း၊ အမျိုး သမီးတချို့ကို မုဒိမ်းကျင့် အလောင်းဖျောက်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြကြောင်း၊ အဆိုပါ အတင်းအဓမ္မပြုကျင့်သတ်ဖြတ်ကာအလောင်းဖျောက်ဖျက်ခဲ့သည့် လုပ်ရပ်ကို စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များက ကျူး လွန် ခဲ့ခြင်းဖြစ်ကြောင်း AA က ကြေညာသည်။

ထို့ပြင် လူဦးရေထောင်ချီခန့်ကို စစ်ကောင်စီက ဓားစားခံအဖြစ် ဖမ်းဆီးထားခြင်း၊ ဒေသခံများပိုင်ဆိုသည့် ရွှေ၊ ငွေ၊ ဖုန်း ၊ ဆိုင်ကယ်များကို အတင်းအဓမ္မလု ယူခြင်း၊ လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ရက်စက်ယုတ်မာသော စစ်ရာဇဝတ်မှုအကြီးစားတစ်ခုကို ထပ်မံကျူးလွန်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဤကဲ့သို့စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို ပြင်းထန်စွာ ရှုတ်ချချပြီး ၎င်းလုပ်ရပ်များကို ချက်ချင်း ရပ်တန့်ကရပ်ရန်နှင့် နောက်ထပ်အလားတူအဖြစ်မျိုး မဖြစ်ပေါ်စေရန် ပြင်းထန်စွာ သတိပေးကြောင်း AA သတိပေးထားသည်။

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အပြစ်မဲ့အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြား အမိန့်ပေး စေခိုင်းသူများနှင့် ညွန်ကြားချက်အား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်ခဲ့သော သူများအားလုံးကို ပြင်းထန်စွာ လက်စားချေ တုံ့ပြန်သွားမည်ဖြစ် ကြောင်း ၊ မြောက်ဦးမြို့တွင် အချုပ်သားများကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏ ရာဇဝတ်မှုနှင့် ရမ်းဗြဲမြို့ မုဒိမ်းကျင့် လူသတ်မှုတွင်ပါဝင်ပတ်သက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးနိုင်ခဲ့ကြောင်း AA က ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article