25 C
Yangon

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီတပ်က အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် NUGက ပြင်းထန်စွာရှုတ်ချလိုက်ပြီး တရားမျှတမှု ရရှိရေး ကြိုးပမ်းဆောင်ရွက်မည်

Must read

ရန်ကုန်| ဇွန် ၄

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ ရွာသားများကို စစ်ကောင်စီက အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြင်းထန်စွာရှုတ်ချပြီး သေဆုံးသွားသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်များနှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP တပ်ဖွဲ့ဝင်အချို့က မေလ ၂၉ ရက်နေ့တွင် ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်လာပြီး နို့စို့ကလေးပါမကျန် ရွာသားအားလုံးကို ဖမ်းဆီးချုပ်နှောင်ကာ နှိပ်စက်ညှဉ်းပန်းခဲ့သည်။

ယင်းအထဲက အမျိုးသမီးအချို့နှင့် ကလေးငယ်များကို ဇွန်လ ၁ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသား အမျိုးသမီး ၂၀၀ ကျော်ကို ဖမ်းဆီးထားပြီး ယင်းအထဲက သတ်ဖြတ်ခံရသူ ၇၆ ဦး အထိရှိလာနေကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။

ဗျိုင်းဖြူရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲ အချက်အလက်များကို ဆက်လက်စုံစမ်းနေပြီး ကျူးလွန်ခဲ့သူများအားလုံးကို AA က လက်စားချေတုန့်ပြန်သွားမည်ဟု သတိပေးကြေညာထားသည်။

ယင်းဖြစ်စဉ်တွင် အမျိုးသားများ ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခြင်းနှင့် ရွာသားများပိုင် ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်တို့ကို စစ်ကောင်စီက ခိုးယူခဲ့ကြောင်း NUG က ပြောသည်။

ဆက်လက်ပြီး ဗျိုင်းဖြူကျေးရွာအနီးက မင်းကင်းတော ရွာသစ်၊ ရွာဟောင်းတို့ကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီက ရက်စက်စွာကျူးလွန်ခဲ့ကြောင်းလည်း NUG ဆိုသည်။

ယခုကဲ့သို့ အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သော ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ရက်စက်စွာ သတ်ဖြတ်နေမှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဆိုသည်။

ထို့ပြင် အားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအား တရားဥပဒေရှေ့မှောက်သို့ အမြန်ဆုံးပို့ဆောင်ပြီး ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG က ထုတ်ပြန်သည်။

ဗျိုင်းဖြူရွာသားများကို အကြမ်းဖက်သတ်ဖြတ် ကျူးလွန်ခဲ့သည့် စစ်ကောင်စီ ၏ တပ်ဖွဲ့များမှာ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များနှင့် ပခုက္ကူအခြေစိုက်တပ်မ ၁၀၁ က တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article