25 C
Yangon

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရွှေဆိုင်နှင့်ရွှေကုန်သည်များထံမှ ရွှေများတောင်းနေပြီး မပေးလျှင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်

Must read

စစ်ကောင်စီ

ရန်ကုန်၊ ဇွန် ၅

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားသည့် ရွှေဆိုင်နှင့်ကုန်သည်များထံမှ ရွှေများ တောင်းယူနေပြီး ရွှေများ မပေးလျှင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်နေကြောင်း ဖမ်းဆီးခံရသည့် ရွှေကုန်သည်တချို့၏ မိသားစုဝင်များထံမှ သိရှိရသည်။

“အဖမ်းခံထားရတဲ့ရွှေသမားတွေဆီက ရွှေတွေတောင်းနေတယ်။ ရွှေတွေ ဘယ်မှာထားလဲပေါ့။ တောင်းတဲ့ရွှေ မပေးရင် ပိုင်ဆိုင်မှုတွေနဲ့ တန်ဖိုးကြီးအိမ်ခြံမြေတွေကို ချိတ်ပိတ်မယ်လို့ ပြောတယ်” ဟု ဖမ်းဆီးခံထားရသည့် ရွှေကုန်သည်တစ်ဦး၏ မိသားစုဝင်က ပြောဆိုသည်။

ပြည်တွင်းတွင် မေလ ၃၀ ရက်နေ့ အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၅၉ သိန်းအထိ မြင့်တက်သွားချိန်တွင် စစ်ကောင်စီက ရွှေကုန်သည်နှင့် ပွဲစား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ ၎င်းတို့၏ ထွက်ဆိုချက်အရ ဟုဆိုကာ ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့ ညပိုင်းတွင် ထပ်မံ ဖမ်း၀ရမ်းထုတ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်သူများတွင် နာမည်ကြီး ရွှေလုပ်ငန်းရှင်များ ပါဝင်ပြီး အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း ဦးမျိုးသူဝင်း၊ ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ဦးအောင်ကောင်းမြတ်၊ စိန်ကျော်မိုးရွှေဆိုင်ပိုင်ရှင် ဦးကျော်ငြိမ်း၊ ခရမ်းသုံးခွ ရွှေဆိုင်ပိုင်ရှင် ဦးသက်နောင်ဝင်း၊ ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်း ရှင် ဦးအေးကြူ၊ဦးကျော်ဝင်း(ခ)ပန်းသီး ရွှေကုန်သည်၊ ဦးညီညီဦး(ခ) ချက်ကြီး ရွှေကုန်သည်၊ ဒေါ်တင်တင်ခိုင်(ခ) စန္ဒာတင် ရွှေကုန်သည်တို့ ပါဝင်သည်။

လက်ရှိတွင် စစ်ကောင်စီက ဟွန်ဒီငွေလွှဲသမားများနှင့် နိုင်ငံခြားငွေ လဲလှယ်သည့် ဒိုင်၊ ပွဲစားများကို ဖမ်းဆီးကာ ၎င်းတို့၏ ဘဏ်ငွေစာရင်း၊ Pay အကောင့်များကို ပိတ်ပင်ကာ အဆိုပါ ဘဏ်ငွေစာရင်းများ အတွင်းရှိ ငွေကြေးများအားလုံးကို စစ်တပ်က သိမ်းယူလိုက်ကြောင်းသိရှိရသည်။

“ဘဏ်ငွေစာရင်းတွေထဲက ပိုက်ဆံတွေလည်းသိမ်း။ အဖမ်းခံထားရတဲ့ ရွှေကုန်သည်တွေဆီကလည်း ရွှေတွေ တောင်းယူနေတာဆိုတော့ ဖမ်းဆီး ဓားပြတိုက်သလိုပဲ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း ရန်ကုန်နှင့် မန္တလေးရွှေအသင်းများက နေ့စဉ် စျေးနှုန်းသတ်မှတ်ကာ ရွှေဆိုင်များ ဖွင့်ရန်၊ သတ်မှတ်စျေးနှုန်းဖြင့် ရွှေအရောင်း အဝယ်ပြုလုပ်ရန် ၊ မလိုက်နာပါက သက်ဆိုင်ရာက အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်များ ယနေ့ ထုတ်ပြန်သည်။

ဓာတ်ပုံ – စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားသည့် ဇွဲထက်ရွှေဆိုင်တွင် ၂၀၁၉ ခုနှစ် ရွှေဝယ်သူများဖြင့် စည်ကားနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားသည့် ဇွဲထက်ရွှေဆိုင်တွင် ၂၀၁၉ ခုနှစ် ရွှေဝယ်သူများဖြင့် စည်ကားနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article