ကောလင်း၊ ချပ်သင်းဘေးမဲ့တောနှင့် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲနေ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ချပ်သင်းဘေးမဲ့တောနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆီဘောက်ဆာ ကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းနှင့် နိုဝင်ဘာလ ၂၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကောလင်းမြို့နယ်အတွင်းရှိ ချပ်သင်းဘေးမဲ့တောနှင့် ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တောတွင်းလမ်းပိုင်းတစ်နေရာရှိ ဗွက်အိုင်ထဲတွင် ပိတ်မိနေသည့် ဆီဘောက်ဆာ ကား ၁ စီး မီးလောင် ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ကောလင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က Y-8 လေယာဉ်ဖြင့် ယမန်နေ့ ညပိုင်းက စတင်ကာ ကင်းထောက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဂျက်ဖိုက်တာ ၊ Mi-35 တိုက်ခိုက်လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
“ကောလင်းမြို့နယ် အနောက်ခြမ်းကို ဂျက်ဖိုက်တာ ၂ စီး လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားတယ်။ ချပ်သင်းဘေးမဲ့တောကို ပစ်သွားတာ ရွာအစပ်တွေကိုလည်း လိုက်ပစ်သွားတာပြီးတော့ ဆီဘောက်ဆာ ကား ၁ စီးကို မှန်သွားတယ်။ ထောက်ပို့လမ်းကြောင်းကို သူတို့က လိုက်ပြီးတော့ ဖြတ်တောက်နေတာပါ။ ပြည်သူတွေတော့ ထိခိုက်မှုမရှိဘူး။ သူတို့ကတောတွင်း တစ်နေရာမှာ ကားတွေရပ်ထားတော့ ဗွက်တွေနစ်နေတဲ့ နေရာကို ကင်းအနေနဲ့ ထောက်တယ်။ မနေ့ညက ပေါင် ၅၀၀ နဲ့ ဂျက်ဖိုက်တာ ၂ စီး လာရောက်ပစ်ခတ်သွားသေးတယ်။ မနက် ၇ နာရီလောက်တည်းက Y-8 ကဝဲနေတာ ကင်းထောက်ပြီးတော့ Mi-35 နဲ့လည်း လာရောက်ပစ်ခတ်သွားသေးတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကောလင်းမြို့နယ် အတွင်း ၂ ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ပြုလုပ်ထားပြီး မြေပြင်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။